ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Sunday, February 3, 2013

စာပေဗိမာန်ဆုရ ဓနုတိုင်းရင်းသား၊ အစ္စလာမ် ဘာသာဝင် ဦးစိုးညွှန့်(တောင်ကြီး) နှင့် အင်တာဗျူး

ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၁၃
M-Media
ပသီ ဆောင်းနှင်းမှုံ တွေ့ဆုံမေးမြန်းသည်။
၁၉၉၄ ခုနှစ်တွင် စာပေဗိမာန် ဝတ္ထုရှည်ပထမဆု ရရှိခဲ့တဲ့ ဓနုတိုင်းရင်းသား၊အစ္စလာမ်ဘာသာဝင် စာရေး ဆရာ စိုးညွှန့်(တောင်ကြီး)ကို M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
OLYMPUS DIGITAL CAMERA

M-Media – ဆရာ ပထမဆုံးစာပေလောကထဲ ရောက်လာပုံလေးကို ပြောပြပေးပါရှင်။
ဖြေ-  ကျွန်တော်ကျောင်းစာသင်နေတဲ့ ငါးတန်းအရွယ်ရောက်တဲ့အချိန်မှာ စပြီးစာရေး စာဖတ်တာကို ၀ါသနာကြီး ခဲ့ပါတယ်။ကျွန်တော် ၁၇နှစ် ကျောင်းသားဘ၀မှာပဲ ကျွန်တော်တို့ ခေတ်တုန်းက ထုတ်ခဲ့တဲ့ ဖလင်စတား ဆိုတဲ့ ၁၀ပြားတန်စာစောင်မှာ “မီးလျှံကြားက မြင့်မြတ်သူ”၀တ္ထူတိုနဲ့ စာပေလောကထဲ စရောက်ခဲ့ပါတယ်။အဲဒီချိန်ကစပြီး အမှတ်၃၄ ၊ကုန်ဈေး တန်း ဗမာ -မွတ်စလင် စာစောင်မှာ သုတ ရသစာပေတွေကို ကြိုကြား ကြိုကြားရေးသားလာခဲ့ပါတယ်။
M-Media – ဆရာ စာပေဗိမာန်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း ကြားသိရပါတယ် အဲဒီစာအုပ် အကြောင်းလေး ပြောပြပေးပါရှင်
ဖြေ-  ကျွန်တော် စတုတ္ထမြောက် လုံးချင်းကို “ဗေဒါပန်းရဲ့ ရေဆန်လမ်း”ခေါင်းစဉ် အမည်နဲ့ ရေးခဲ့ပါ တယ်။ စာအုပ်အဖြစ် ထုတ်ဝေမယ့်သူမရှိလို့ ၁၉၉၄ခုနှစ် စာပေဗိမာန်မှာ စာမူအနေ နဲ့ ၀င်ပြိုင်ခဲ့ပါ တယ်။အဲဒီစာမူနဲ့ ကျွန်တော် စာပေဗိမာန်ဝတ္ထုရှည် ပထမဆု ရရှိခဲ့ပါတယ်။စာပေဗိမာန်က အဲဒီစာမူကို ၁၉၉၆ခုနှစ်မှာ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။
M-Media – ဆရာ အဲဒီစာအုပ်လေးရေးဖြစ်ခဲ့ပုံအကြောင်းနဲ့ ဆရာ့ရဲ့ စာဖတ် ပရိသတ်ကို ပေး ခဲ့တဲ့ ပေးနေစဲဖြစ်တဲ့ ခံစားမူ ရသလေးကို ပြောပြပေးပါရှင်။
ဖြေ-  ကျွန်တော့် ဇာတိက တောင်ကြီးပါ၊ကျွန်တော်နေတဲ့ မြို့မှာ အသက်မွေးဝမ်းကျောင်း အနေနဲ့ တက္ကစီ ကားမောင်းပါတယ်။ကျွန်တော်တို့ရဲ့ တက္ကစီမောင်းသူတွေရဲ့ လောက အကြောင်း ကို စာဖတ်သူတွေကို သိစေချင်လို့ပါ။ခံစားမူအနေနဲ့ကတော့ တက္ကစီမောင်းပြီး ကျွန်တော်တို့ရဲ့ ဘ၀တွေကို ရုန်းကန်ကြတယ်၊ အဲဒီမှာ ရိုးရိုးသားသား ရုန်းကန်ခြင်းနဲ့ ဆန်းဆန်း ပြားပြား ရုန်းကန်ခြင်းရဲ့ အားပြိုင်မူတွေကို ဖော်ကြူး ထား တာ ဖြစ်ပါတယ်။အဲဒီ ဘ၀သရုပ်ဖော် ရသလေးကို ပေးချင်တာပါ။
M-Media – ဆရာလုံးချင်းစာအုပ်အနေနဲ့ ဘယ်အချိန်မှာ စရေးခဲ့တာပါလဲ အဲဒီလုံးချင်း စာအုပ် အမည်တွေ ကိုလည်း ပြောပြပေးပါရှင်။
ဖြေ-  ကျွန်တော် ၁၉၇၃ခုနှစ်မှာ “မောင့်ဘ၀ အကျဉ်းတန်”ဆိုတဲ့ ပထမဆုံး လုံးချင်းဝတ္ထုရေးသားခဲ့ပါတယ်၊ အဲဒီစာအုပ်ကို နှင်းဝေေ၀စာပေတိုက် ရန်ကုန်က ထုတ်ဝေဖြန့် ချီခဲ့ပါတယ်။၁၉၇၈ခုနှစ်မှာ ဒုတိယ စာအုပ်ဖြစ်တဲ့ ဒါရိုက်ဘာလုံးချင်းဝတ္ထု၊တတိယ စာအုပ်ဖြစ်တဲ့ လုံးချင်းဝတ္ထုက ၁၉၈၀မှာ ရေးသား ခဲ့ပြီး   ဇော်မျိုးချစ် စာပေက ဖြန့်ချီခဲ့ပါ တယ်။စတုတ္ထမြောက် စာအုပ်ကတော့ “ဗေဒါပန်းရဲ့ ရေဆန်လမ်း” ပါ။ အဲဒီစာအုပ်ကတော့ စာပေဆု ရရှိခဲ့တာကြောင့် စပေဗိမာန်က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။
OLYMPUS DIGITAL CAMERA
M-Media – ဆရာ ဖန်တီးခဲ့တဲ့ စာအုပ်တွေက ဘယ်လို အကြောင်းအရာမျိုးတွေအပေါ်မှာ အများ ဆုံး အခြေခံပြီး ရေးဖွဲ့ခံစားတင်ပြခဲ့တာပါလဲရှင်။
ဖြေ- ကျွန်တော်နေထိုင်တဲ့ တောင်ကြီးမြို့က အဝေးပြေး မော်တော်ယာဉ်မောင်းသူတွေရဲ့ ဘ၀ အကြောင်းတွေ ကို ဘ၀သရုပ်ဖော်အနေနဲ့ရေးတာ များပါတယ်၊ပြည့်ပြည့်စုံစုံပြောရရင် အချစ်နဲ့ဘ၀ သရုပ် ဖော်ပါ။ ဟာသတွေလည်း နည်းနည်းပါးပါး မဂ္ဂဇင်းတွေမှာ ရေးဖြစ်ပါတယ်။
M-Media -ရယ်စရာ ဟာသတွေလည်း စာဖတ်ပရိသတ်ကို ခံစားစေခဲ့တယ်ဆိုတော့ ဘယ် မဂ္ဂဇင်းတွေ မှာ အများဆုံး ရေးသားပါလဲရှင်။
ဖြေ- အခြား လစဉ်ထုတ် မဂ္ဂဇင်းတွေမှာလည်း ရေးပါတယ်၊များသော အားဖြင့်ကတော့ “အဟိ”မဂ္ဂဇင်း၊ “သောကြာ”မဂ္ဂဇင်းတို့မှာ ရယ်စရာ ၀တ္ထုတိုတွေ ရေးသားပါတယ်။
M-Media -ဆရာရဲ့ ကလောင်နာမည်ခွဲတွေ ရှိရင် ပြောပြပေးပါရှင်
ဖြေ- စိုးညွှန့်(တောင်ကြီး)၊စိုးညွှန့်ဇော်(တောင်ကြီး) ပါခင်ဗျာ။
M-Media -ဆရာခုလတ်တလောရေးပြီးတဲ့ စာမူတွေကိုလည်း ဆရာ့ရဲ့ စာဖတ်ပရိသတ်တွေ ကို ပြောပြပေးပါရှင်
ဖြေ- မောင့်မေတ္တာလမ်း၊အဆိပ်သင့်သောနှလုံးသား၊အသံတံခါးဖွင့်ပေးပါ၊အိမ်မက်တံတား ပေါ်ဝယ် အပါ အ၀င် စာမူ (၇)ခုလောက် ရေးသားထားတာတွေ ရှိပါတယ်။စာုပ်အဖြစ် စာဖတ်ပရိသတ်ဆီ အရောက် ပို့နိုင်အောင် ကြိုးစားနေပါတယ်။
M-Media -ဆရာကထူးချွန်တဲ့ စာပေဗိမာန်ဆုရ စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်နေ တယ်၊ဆရာလိုပဲ စာပေအရာမှာပါ ထူးချွန်ထက်မြက်တဲ့ ၀ါသနာရှင် မျိုးဆက်သစ် လူငယ်တွေ အတွက်ရော၊ စာပေ၀ါသနာရှင်တွေ အနာဂတ်မှာ အများကြီးပေါ်ထွက်လာဖို့အတွက်ရော ဆရာ အနေနဲ့ အားပေးစကား လက်ဆောင်လေး ချီးမြှင့်ပေးပါရှင်။
ဖြေ- ဒီခေတ်က ဆရာတို့ ငယ်ငယ်တုန်းကလို မဟုတ်တော့ပဲ နည်းပညာတွေက တနေ့ထက် တနေ့ လျှင်လျှင်မြန်မြန်တိုးတက်နေတာဆိုတော့ လူငယ်တွေအနေနဲ့ ရွေးချယ် ကြည့်ရူ စရာတွေက အင်မ တန်ပေါ များပါတယ်၊လူငယ်တွေ ခုချိန်မှာ စာဖတ်အားနည်းနေတာကို တွေ့ရပါတယ်၊အလိမ္မာ စာမှာရှိဆိုတဲ့ စကားလိုပဲ စာများများ ဖတ်ကြပါ၊များများ ရေးကြ ပါ၊ဘယ်လို အခက်အခဲတွေပဲ ရင်ဆိုင်ကျော်ဖြတ် ရ ကျော်ဖြတ်ရ နောက်မဆုတ်တမ်း ကြိုးစားရင် တနေ့ အောင်မြင်မူတွေကို လက်ဝယ် ပိုင်ဆိုင် ခွင့်ရမှာ ပါလို့……
M-Media – ဟုတ်ကဲ့ပါ ဆရာ၊အခုလို အားပေးစကား လက်ဆောင်ပြောကြားပေးတဲ့ အတွက်ရော၊ သိလို သမျှကို စိတ်ရှည် လက်ရှည် ဖြေကြားပေးခဲ့တဲ့ ဆရာကို အထူးပဲကျေးဇူးတင် ပါတယ်ရှင်၊ဆရာအနေနဲ့ မေးမြန်းခဲ့တဲ့ အထဲက ဘာများဖြည့်စွပ် ပြောကြားစရာလေးများ ရှိပါသေးလားရှင်။
ဖြေ- မရှိတော့ပါဘူးကွယ်၊အခုလို လာရောက်မေးမြန်းတဲ့ M-Media ကိုလည်း ကျေးဇူးတင်ပါတယ်။ဆရာက ရန်ကုန်ကို လာရောက်လည်ပတ်တာပါ၊ မနက်ဖြန် ဆရာနေတဲ့ တောင်ကြီးကိုပြန်တော့မှာပါ၊
ကိုယ်ရေးအကျဉ်း
-စာရေးဆရာ စိုးညွှန့်(တောင်ကြီး)ကို ဓနုတိုင်းရင်းသား၊ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသော အဖဦးခန်း ၊အမိဒေါ်စောရီတို့မှ ၁၉၅၄ခုနှစ်၊ဧပြီလ (၁၀)ရက်နေ့တွင် ရှမ်းပြည်နယ် တောင် ပိုင်း၊ တောင်ကြီးမြို့ တွင် မွေးဖွားခဲ့သည်။
-မွေးချင်းမောင်နှမ ခြောက်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်။
-အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။
-အသက်မွေးဝမ်းကျောင်းအဖြစ် အဝေးပြေး မော်တော်ယာဉ် မောင်းနှင်ခဲ့သည်။
-၀ါသနာအရ စာပေများ ရေးသားခဲ့သည်။
-အမည်ရင်းမှာ ဦးစိုးညွှန့်ဖြစ်သည်။
-၁၉၉၄ခုနှစ်တွင် ဗေဒါပန်းရဲ့ရေဆန်လမ်း ၀တ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ပထမဆု ရရှိခဲ့သည်။ဝတ္ထု တိုပေါင်း (၃၀)ကျော်၊ဆောင်းပါး(၁၀)ပုဒ်ခန့် ရေးသားခဲ့သည်။
-တောင်ကြီးမြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့အလုပ်အမှုဆောင်ဖြစ်သည်။
-ယခု အသက်၆၈နှစ် ရှိပြီဖြစ်သော်လည်း စိုးညွှန့်(တောင်ကြီး)၊စိုးညွှန့်ဇော်(တောင်ကြီး)  အမည်နှစ်မျိုးဖြင့် မဂ္ဂဇင်း၊ဂျာနယ် များတွင် စာပေရေးသားနေဆဲဖြစ်သည်။
-အမှတ် (၅)၊၁၄လမ်း၊အေးသာယာ စက်မူဇုံရပ်ကွက်၊တောင်ကြီးမြို့တွင် သား၁ယောက်၊သမီး(၃)ယောက် ၊မြေး(၁၂)ယောက်တို့ဖြင့် ကျန်းမားပျော်ရွှင်စွာ နေထိုင်လျှက် ရှိသည်။

No comments:

Post a Comment